ပွင့်လင်းခါစ မြန်မာပြည်ထဲကို ပါဝါကြီးတွေဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊
ဂျပန်နဲ့ အိန္ဒိယတို့ ခြေကုပ်ရဖို့ တိုးဝင်လာကြတဲ့အချိန်မှာ မြန်မာပြည်မှာ
ရှိနှင့်နေတဲ့ တရုတ်ရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာအုတ်မြစ်လည်း ခနိုးခနဲ့
ဖြစ်လာတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။
လောလောဆယ်
အခြေခံလူထုတွေကြားထဲမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တဖွားဖွား
ပေါ်ပေါက်လာနေတာကြောင့် တရုတ်အတွက် “ဘုံ”ပျောက်မယ့် အခြေအနေတွေ အခုထက်
ပိုဆိုးဖို့လည်း ရှိနေပါတယ်။
အခြေအနေကတော့ မြန်မာအစိုးရအတွက်တော့
စိန်ခေါ်မှုတရပ်ပါပဲ။ အရင်ဆုံး နိုင်ငံခြားရေး ပေါ်လစီမှာ
မဇွှျှိမပဋိပဒါလမ်းကို ရွေးဖို့လိုပါတယ်။ တချိန်တည်းမှာ တရုတ်ဆန့်ကျင်ရေး
စိတ်ဓာတ်တွေ ဖုံးမရ၊ အုပ်မရ ပေါက်ကွဲထွက်မသွားဖို့ ထိန်းသိမ်းရမှာလည်း
ရှိပါတယ်။ တရုတ်ပြည်ဟာ မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့
နိုင်ငံဖြစ်သလို၊ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်နေလို့ပါပဲ။
မြန်မာပြည်မှာ
နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုခြေလှမ်းတွေ စလှမ်းနေပြီ
ဖြစ်လို့ အမေရိကန်ပြည်ထောင်စုကလည်း Cobra Gold နှစ်စဉ်
စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအနေနဲ့ တက်ဖို့ မြန်မာအရာရှိတွေကို
ကမ်းလှမ်းထားပါတယ်။ အာရှပစိဖိတ်ဒေသမှာတော့ Cobra Gold စစ်ရေးလေ့ကျင့်မှုက
အမေရိကန်ကြီးမှူးပြုလုပ်နေတဲ့ သက်တမ်းအရှည်ကြာဆုံးနဲ့ အင်အား
အတောင့်တင်းဆုံး စစ်ရေးပူးတွဲလေ့ကျင့်မှုပါပဲ။ အမေရိကန်စစ်တပ်၊
ထိုင်းစစ်တပ်နဲ့ စင်ကာပူတို့လို အာရှဒေသက စစ်တပ်တွေ အင်အား ထောင်ချီပြီး
ပူးတွဲလေ့ကျင့်ကြမယ့် အစီအစဉ်ပါ။
ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက
မြန်မာပြည်မှာ ကျဆုံးသွားတဲ့ အမေရိကန် လေတပ်သား ၁၂၀၀ ၀န်းကျင်ကို
ရှာဖွေမယ့် အစီအစဉ်ကလည်း မကြာခင်မှာပြန်လည်စတင်ဖို့ ရှိနေပါတယ်။
၂၀၁၁
ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောတဲ့အနေနဲ့
ကချင်ပြည်နယ်မှာ တရုတ်က ဆောက်လက်စ မြစ်ဆုံ ရေကာတာ စီမံကိန်းကို
ဆိုင်းငံ့ခဲ့ပါတယ်။ ဒါကို တရုတ်ဩဇာကို “ဟန့်” လိုက်တဲ့ အချက်ပေးမှုအနေနဲ့
မြင်သူတွေ ရှိသလို၊ လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း ထောက်ခံအားပေးကြပါတယ်။
မကြာခင်တုန်းကပဲ
မြန်မာ စစ်တပ်နဲ့ တရုတ်ကုမ္ပဏီတို့ ပူးတွဲရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့
အငြင်းပွားဖွယ် စီမံကိန်းကိစ္စမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို
ဝန်ကြီးတယောက်က အမှတ်တမဲ့ ဆွပေးလိုက်ပြန်ပါတယ်။
လက်ပန်းတောင်းတောင်
ကြေးနီစီမံကိန်း အနီးအနားက ဒေသခံတွေက စီမံကိန်းကြောင့် ဖယ်ပေးလိုက်ရတဲ့
သူတို့ မြေတွေကို ပိုပြီး မျှမျှတတ ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
စီမံကိန်း ဧရိယာထဲမှာ ပါနေတဲ့ သမိုင်းဝင် သာသနိက အဆောက်အဦ
မဖယ်ရှားရရေးကိုလည်း လိုလားနေကြပါတယ်။
စီမံကိန်းဧရိယာထဲကို
သွားကြည့်တဲ့ အချိန်မှာ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက တရုတ်က
စိတ်ဆိုးသွားလို့ မဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သူပုန်ထမှုတွေကို အဆုံးသတ်သွားအောင် တရုတ်အစိုးရက
ကျေးဇူးပြုခဲ့တာကို ပြန်ဖော်ခဲ့ပါတယ်။
ဒါပေမယ့် ဦးအောင်မင်းရဲ့
မှတ်ချက်ကို လက်မခံကြပါဘူး။ ပွင့်လင်းခါစ မြန်မာ မီဒီယာတွေမှာ တရုတ်ကို
ခယရိုကျိုးနေရတဲ့ မြန်မာခေါင်းဆောင်တွေရဲ့အဖြစ်ကို ကာတွန်းတွေနဲ့
သရော်ကြပါတယ်။
နောက်ဆက်တွဲဖြစ်သွားတဲ့ (မနှစ် နိုဝင်ဘာ ၂၉ ရက်နေ့)
ကြေးနီးစီမံကိန်းသပိတ်ကို ဖြိုခွင်းမှုမှာ တော်တော်များများ
ဆိုးဆိုးရွားရွား မီးလောင်သွားပါတယ်။ သပိတ်ကို နှိမ်နင်းတဲ့နေရာမှာ
အသုံးပြုတဲ့ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေဟာ တရုတ်လုပ်တွေ ဆိုတာ
ပြောကြပါတယ်။ မြန်မာပြည်ဆိုတာကလည်း ကောလာဟလတွေရဲ့ အားကောင်းတဲ့ တိုင်းပြည်
မဟုတ်လား။
ဒီလိုနဲ့ သမိုင်းကြောင်းအရ တအုံနွေးနွေးရှိနေခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တကျော့ပြန် ခေါင်းထောင်ဖို့ ဖြစ်လာပါတယ်။
ရန်ကုန်က အမည်မဖော်လိုတဲ့ နိုင်ငံရေးသုံးသပ်သူတယောက်က အီးမေးနဲ့ အခုလို ဖြေပါတယ်။
“မြန်မာပြည်မှာ
တရုတ်အတွက် ဘုံပျောက်သွားတော့မယ်လို့ ပြောမယ်ဆိုရင် အခြေအနေကို
လျှော့တွက်ရာ ရောက်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက တရုတ်ကို ဘယ်လိုပဲ
မနှစ်မြို့ခဲ့ပေမယ့် အစိုးရနဲ့ အစေးကပ်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့၊ ဒါက
ကြာပါပြီ။”
တရုတ်ဘက်က စိုးရိမ်နေတာကလည်း အံ့ဩစရာမရှိပါဘူး။ Yunnan
နဲ့ Xiamen တက္ကသိုလ်တွေက အဖွဲ့တွေ ဒီလထဲမှာပဲ ရန်ကုန်နဲ့ နေပြည်တော်ကို
သွားရောက်ခဲ့ပါတယ်၊ မြန်မာပြည်သူတွေဆီကို တရုတ်က “နိုင်ငံတကာ
တာဝန်ရှိမှုထုံးတမ်း” အရ ဘယ်လို အကူအညီတွေ ပေးသင့်သလဲဆိုတဲ့ ကိစ္စကို
ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။
ဒီလထဲမှာပဲ တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times မှာ ဆောင်းပါးတပုဒ် ပါလာပါတယ်။
ဆောင်းပါးရှင်
Yu Jincui က “တချို့ သုံးသပ်သူတွေရဲ့အဆိုအရ တရုတ်ပြည်နောက်ဖေးနားမှာ
မီးလောင်နေပြီ။ မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကလည်း
တဖွားဖွားပေါ်နေပြီ” လို့ ရေးသားထားပါတယ်။
ရန်ကုန်က သုံးသပ်သူကလည်း ဒါကို သဘောတူပါတယ်။
“တရုတ်ဆန့်ကျင်ရေးက
တအုံနွေးနွေး ဖြစ်လာနေတယ်။ အထူးသဖြင့် လူထုအခြေပြုအဖွဲ့အစည်းတချို့နဲ့
အောက်ခြေ လူထုလှုပ်ရှားမှုတွေကနေ မြစ်ဖျားခံလာတယ်” လို့ ဆိုပါတယ်။
အစိုးရပိုင်းကတော့
လက်ပန်းတောင်းတောင် ကိစ္စမှာ ကွန်မြူနစ်တွေက နောက်ကနေ
သွေးထိုးမြှောက်ပင့်ခဲ့တယ်လို့ အပြစ်ဖို့ပါတယ်။ တဖက်မှာ ရဲတွေကြောင့်
အခြေအနေ ပိုဆိုးခဲ့ရတယ်ဆိုတာကိုလည်း လက်ခံပါတယ်။
အရင်
စစ်အစိုးရလက်ထက်တုန်းက မြန်မာပြည်က သဘာဝသယံဇာတ ထုတ်ယူရေးမှာ တရုတ်နဲ့
ရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်းတွေ ဘယ်လောက်အထိ ရှုပ်ရှုပ်ထွေးထွေး
ရှိခဲ့သလဲဆိုတာ လက်ပန်းတောင်းတောင် စီမံကိန်းက နမူနာတခုပါပဲ။
ရန်ကုန်အခြေစိုက်
သုံးသပ်သူကလည်း “မြန်မာ ကွန်မြူနစ်တွေဟာ တရုတ်ဆန့်ကျင်ရေးသမားတွေဖြစ်တယ်။
မြန်မာပြည်ထဲက ကွန်မြူနစ် မြေအောက်လှုပ်ရှားမှုတွေ တကျော့ပြန်
ခေါင်းထောင်လာတယ်။ လယ်သမားတွေကလည်း မွဲသထက်မွဲ၊ အလုပ်သမား သပိတ်တွေ
တစခန်းထနေတာ ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး” လို့ ဆိုပါတယ်။
ဒါပေမယ့်
မြန်မာပြည်မှာ တရုတ်ရဲ့လက်ငုတ်လက်ရာတွေကတော့ အထင်အရှား ရှိနေတုန်းပါပဲ။
မနှစ်စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ မြန်မာပြည်မှာ
တရုတ် ရင်းနှီးမြှုပ်နှံမှုတွေဟာ “ယခုနှစ်ပိုင်းအတွင်းမှာ အဆတိုး
အတက်ပြခဲ့ပြီး ၂၀၁၁ ခုနှစ် အတွင်း ၀င်ရောက်ခဲ့သော နိုင်ငံခြား
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အားလုံး၏ ၃၄ ဒဿမ ၅ ရာခိုင်နှုန်း
ရှိခဲ့သည်” လို့ ဖော်ပြထားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီပိုင် Global
Times ဆောင်းပါးမှာတော့ မြန်မာပြည်မှာ တရုတ်ရဲ့ နက်ရှိုင်းတဲ့
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး အနှောင်အဖွဲ့တွေကြောင့်
“ပထ၀ီနိုင်ငံရေးနှင့် စီးပွားရေး ဖလှယ်မှု” ရှိနေတဲ့ ဆက်ဆံရေးက
အန္တရာယ်ကျရောက်နိုင်ဖွယ်မရှိလို့ နိဂုံးချုပ်ထားပါတယ်။
စင်ကာပူအခြေစိုက်
အရှေ့တောင် အာရှလေ့လာရေးဌာန (Institute of Southeast Asian Studies) က
အကြီးတန်းအဖွဲ့ဝင် ဒေါက်တာ Ian Storey က “တကယ်တော့ မြန်မာပြည်မှာ
တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ဆိုတာက အမြဲတမ်း ကိန်းအောင်းနေခဲ့တာပါ၊
နှစ်နဲ့ချီပြီး တဖြည်းဖြည်းနဲ့ စုစည်းရာကနေ အခုလို အစိုးရက မီဒီယာကို
လွတ်လပ်ခွင့်ပေးလိုက်တဲ့အခါမှာ ပိုပြီး ပေါ်လွင်လာတာပါ” လို့ ပြောပါတယ်။
မြန်မာအစိုးရကတော့
တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ အလွန်အကျွံဖြစ်မသွားအောင်
ထိန်းထိန်းသိမ်းသိမ်းလုပ်ချင်မှာပါလို့လည်း ဒေါက်တာ Ian Storey က ဆိုပါတယ်။
ဒါပေမယ့်
Global Times ဆောင်းပါးရှင် ယူ ကတော့ တရုတ်ပြည်နယ်စပ်၊ ကချင်ပြည်နယ်မှာ
စစ်ပွဲတွေရှိနေတာကိုလည်း ထောက်ပြရင်း အခြေအနေတွေ ဒီထက်
ပိုရှုပ်ထွေးနိုင်တာကို သတိပေးထားပါတယ်။ တိုက်ပွဲတွေကြောင့် လူပေါင်း ၁
သိန်းလောက် အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရပါပြီ။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ
မြန်မာစစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)
တပ်တွေကို တိုက်ခိုက်တုန်းကလည်း တရုတ်ဘက်အခြမ်းမှာ ဗုံးသုံးလုံး
ကျခဲ့ပါတယ်။
“မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားဖို့ အာသီသ
ပြင်းပြနေကြတဲ့ အနောက်နိုင်ငံတွေက တကယ်တော့ မြန်မာပြည်နဲ့ အိမ်နီးချင်းတွေ
မဟုတ်ကြပါဘူး။ ဒါကြောင့် မြန်မာပြည်တွင်းမှာ ဖရိုဖရဲဖြစ်လာခဲ့ရင်
ပေါ်ပေါက်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း သူတို့အတွက် ပူစရာမလိုပါဘူး။”
“ဒါပေမယ့်
ဒီပြဿနာတွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင် မြန်မာပြည်ရဲ့
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ထိခိုက်လာနိုင်တယ်”လို့ ဆောင်းပါးရှင် ယူ
က သုံးသပ်ရေးသားထားပါတယ်။
(မူရင်း၊ ၊ Anti-China sentiment a
challenge for an increasingly open Myanmar By Nirmal Ghosh, The Straits
Times/Asia News Network )
by နေသွင် (ဒီဗွီဘီ)
No comments:
Post a Comment