တရုတ်နိုင်ငံတွင် အောက်တိုဘာ ၃ ရက်၌ ပြုလုပ်မည့် Miss Tourism Queen International 2013
ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မော်ဒယ်လ် ခင်လပြည့်ဇော်ကပြောသည်။
ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ရောက်ခြင်းဖြစ်ပြီး စတားမော်ဒယ်အေဂျင်စီမှ မော်ဒယ်သုံးဆယ်၏ ဓာတ်ပုံများကို ပြိုင်ပွဲကျင်းပသူထံ ပေးပို့ခဲ့ရာ ခင်လပြည့်ဇော်အား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုဂျွန်လွင်ကပြောသည်။
ယခုကဲ့သို့ယှဉ်ပြိုင်ရခြင်းသည် ၄င်းအတွက် ဒုတိယအကြိမ် အခွင့်အရေးရရှိခဲ့ခြင်း ဖြစ်သောကြောင့် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခင်ပွဲက ရရှိခဲ့သော အတွေ့အကြုံများအပေါ် သုံးသပ်၍ အကောင်းဆုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ခင်လပြည့်ဇော်ကပြောသည်။
ခင်လပြည့်ဇော်သည် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပသည့် Asia New Star Models Contest 2012 ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်သောကြောင့် မြန်မာ့ယဉ်ကျေးမှု ပြသနိုင်သည့် ၀တ်စုံများကို ၀တ်ဆင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဝတ်စုံတစ်ခုဖြစ်သည့် ရေကူးဝတ်စုံအတွက်လည်း ပရိသတ်များအနေဖြင့် အမြင်မစောင်းစေလိုကြောင်း ခင်လပြည့်ဇော်ကပြောသည်။
““ပြိုင်ပွဲအတွက် မဖြစ်မနေလုပ်ရတဲ့ကိစ္စတစ်ခုလို့ပဲ မြင်စေချင်ပါတယ်။ ညီမကလည်း ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့အတွက် အကောင်းမြင်ပေးပါလို့ ပရိသတ်ကြီးကို ပြောချင်ပါတယ်””ဟု ရေကူးဝတ်စုံဝတ်ဆင်ယှဉ်ပြိုင်ရသည့်အပေါ် ခင်လပြည့်ဇော်က ၄င်း၏သဘောထားကိုပြောသည်။
ယခုနှစ်အတွက် မြန်မာနိုင်ငံတွင် ပြိုင်ပွဲကျင်းပ၍ မရွေးချယ်ဖြစ်သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ Miss Tourism Queen Myanmar ပြိုင်ပွဲကို ပြုလုပ်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း စတားမော်ဒယ်အေဂျင်စီမှ ကိုဂျွန်လွင်ကပြောသည်။
Miss Tourism Queen International ပြိုင်ပွဲကို တရုတ် နိုင်ငံ၌ ၂၀၀၄ ခုနှစ်က စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် (၈)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ Miss Tourism Queen International ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ နိုင်ငံကိုယ်စားပြုမော်ဒယ်များ လာရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
7day daily
No comments:
Post a Comment